သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ထောက်ခံအားပေးခဲ့သူ ထိုင်းနိုင်ငံရေးသမား Kraisak Choonhavan ကွယ်လွန်


ထိုင်းအထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌဟောင်း Mr. Kraisak Choonhavan (လယ်)။ (မေ ၂၉၊ ၂၀၀၅)
ထိုင်းအထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌဟောင်း Mr. Kraisak Choonhavan (လယ်)။ (မေ ၂၉၊ ၂၀၀၅)

[Zawgyi/Unicode]

မြန်မာ့ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွထောက်ခံ လှုပ်ရှားခဲ့သူ ထိုင်းအထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌဟောင်း Mr. Kraisak Choonhavan ကွယ်လွန်သွားတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

မြန်မာ့ဒီမိုကရေစီရေး၊ တိုင်းရင်းသားရေး၊ ဒုက္ခသည်အရေး၊ ရွှေ့ပြောင်းအလုပ်သမားအရေးတွေကို နှစ်ပေါင်း ၃၀ ကြာ တက်တက်ကြွကြွ ထောက်ခံလှုပ်ရှားခဲ့သူ Mr. Kraisak ဟာ ကင်ဆာရောဂါနဲ့ ဇွန်လ ၁၁ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်ခဲ့တဲ့အတွက် မြန်မာ့အရေးလှုပ်ရှားသူတွေအတွက် ဆုံးရှှုံးမှု တခုအဖြစ်ပြောဆိုနေကြတာပါ။

သူဟာမြန်မာပြည် စစ်အာဏာသိမ်းအစိုးရလက်ထက်မှာ မြန်မာ့အရေးကို ထိုင်းအထက်လွှတ်တော်ရဲ့ ကြားနားပွဲတွေမှာရော အာဆီယံဒေသတွင်းမှာပါ ဦးဆောင်ပြီး စည်းရုံးလှုပ်ရှားခဲ့တဲ့ သူတယောက်ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ခေါင်းဆောင်ဟောင်းလည်းဖြစ် လက်ရှိ လူ့အခွင့်ရေးလှုပ်ရှားသူလည်းဖြစ်တဲ့ ဦးစိုးအောင်က အခုလိုပြောပြပါတယ်။

"အာဆီယံမှာ မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ စစ်အာဏာရှင်အုပ်ချုပ်မှု လက်အောက်မှာ ရှိနေသေးတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ရမယ့်ဆိုတဲ့ကာလတွေမှာ အင်တိုက်အားတိုက် ကူညီခဲ့တယ်။ ထိုင်းနိုင်ငံကို အခြေစိုက်ပြီးမှာ အာဆီယံနိုင်ငံတွေက လွှတ်တော်အမတ်တွေ ပါဝင်တဲ့ မြန်မာနိုင်ငံဒီမိုကရေစီရေး ရရှိရေးအတွက် အာဆီယံလွှတ်တော်အမတ်များသမဂ္ဂမှာပါဝင်တည်ထောင်ပြီး ဥက္ကဋ္ဌအနေနဲ့ သက်တမ်းအတော်များများ၊ အကြိမ်အတော်များများ နှစ်အတော်ကြာလုပ်ခဲ့ဘူးတယ်။"

ထိုင်းအထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌဟောင်း Mr. Kraisak Choonhavan (ဘယ်)။ (မေ ၀၃၊ ၂၀၀၆)
ထိုင်းအထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌဟောင်း Mr. Kraisak Choonhavan (ဘယ်)။ (မေ ၀၃၊ ၂၀၀၆)

ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေတဲ့ ထိုင်းတောင်ပိုင်းက ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FED ကိုလည်း တရားဝင်အဖွဲ့အစည်းဖြစ်အောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပေးခဲ့ပြီး မြန်မာအရေးမှန်သမျှကို လုပ်ဆောင်ခဲ့ကြောင်း FED အဖွဲ့ရဲ့ ဒါရိုက်တာဦးထူးချစ်ကလည်း အခုလိုပြောပြပါတယ်။

"ထိုင်းနိုင်ငံမှာ ပြဿနာဖြစ်ရင် သူအနေနဲ့ တတ်နိုင်သမျှ ကူညီလုပ်ဆောင်ပေးခဲ့တယ်။ နယ်စပ်ဒေသက မြန်မာဒုက္ခသည်တွေ သွားတွေ့မယ်ဆိုရင်လည်း အထက်လွှတ်တော်အမတ်ဖြစ်ချိန် ကျနော်တို့က နယ်စပ်က ဒုက္ခသည်တွေအကြောင်း ပြောပြဖြစ်တယ်။ နောက်ပိုင်း အနှစ် ၂၀ လောက်ကျတော့ ကျနော် ရွှေ့ပြောင်းအလုပ်သမားရေး လုပ်တာ တရားမဝင် အခက်အခဲဖြစ်နေချိန်မှာ သူရဲ့အတွေ့အကြုံတွေနဲ့ နိုင်ငံရေး လူအခွင့်ရေး လှုပ်ရှားသူတွေနဲ့ မိတ်ဆက်ပေးပြီး ကျနော်တို့ ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FED ကို
ထိုင်းနိုင်ငံမှာ တရားဝင်စနစ်တကျဖောင်ဒေးရှင်း ဖြစ်လာအောင် သူကိုယ်တိုင် အများကြီး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။"

Mr.Kraisak အနေနဲ့ ထိုင်းနိုင်ငံရဲ့ ဒီမိုကရက်တစ်ပါတီ အစိုးရဖြစ်နေတဲ့ကာလမှာ အထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲဒီကာလမှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေကို လွှတ်တော်ထဲမှာ ဆွေးနွေးပြောဆိုခွင့်ရအောင် လုပ်ဆောင်ပေးခဲ့တယ်လို့ ဦးစိုးအောင်က ပြောပြပါတယ်။

"မြန်မာ့ဒီမိုကရေစီရေးနဲ့ လူအခွင့်ရေးနဲ့ ပတ်သက်လို့ တိုင်းရင်သားအခွင့်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့လို ပြည်ပရောက်နေတဲ့ သူတွေကို မကြာခဏဖိတ်ခေါ်ပြီး ကြားနာမှုတွေ ဆီးနှိပ်ကော်မတီအနေနဲ့ တခြားသက်ဆိုင်ရာ လွှတ်တော်အမတ်တွေကိုပါ ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံမှာ ဒီလိုအခြေအနေတွေ ဖြစ်နေတယ်ဆိုတဲ့ဟာမျိုး လွှတ်တော်မှာ ကျနော်တို့ ကိုယ်တိုင်သွားရောက်ဆွေးနွေးခွင့်ရအောင် သူကိုယ်တိုင်ဖိတ်ခေါ်ပြီးလုပ်ပေးခဲ့တယ်။"

မြန်မာ့နိုင်ငံက ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်နဲ့ကာလမှာ သူမ လွှတ်မြောက်ရေး ရရှိအောင် သူကိုယ်တိုင် မြန်မာအရေးနဲ့ ပတ်သက်တဲ့ညီလာခံတွေကွန်ဖရန့်တွေ လုပ်ဆောင်ပေးခဲ့တာတွေလည်း ရှိပါတယ်။

သူကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပါပြီ။ သူဟာ နိုင်ငံရေးသမား လူအခွင့်ရေး လှုပ်ရှားသူ တိုင်းရင်းသားလူမျိုးစုအရေး ရွှေပြောင်းအလုပ်သမားရေးတွေကို လှုပ်ရှားဆောင်ရွက်သူဖြစ်ရုံသာမက ပန်းချီ ဂီတ အနုပညာတွေ ယဉ်ကျေးမှုအမွေနှစ်ဆိုင်ရာ ကိစ္စတွေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တောရိုင်းတိရိစ္ဆာန် ကာကွယ်ရေးလုပ်ငန်းတွေကိုပါ လုပ်ဆောင်ခဲ့တဲ့ အထင်ကရ နိုင်ငံရေးသမားကြီးဖြစ်ပါတယ်။ သူကွယ်လွန်သွားခဲ့တဲ့အပေါ် မြန်မာ့အရေးလှုပ်ရှားသူတွေကတော့ ဆုံးရှှုံးမှုကြီးအဖြစ် ရှုမြင်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








ထိုင်းအထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌဟောင်း Mr. Kraisak Choonhavan (လယ်)။ (မေ ၂၉၊ ၂၀၀၅)
ထိုင်းအထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌဟောင်း Mr. Kraisak Choonhavan (လယ်)။ (မေ ၂၉၊ ၂၀၀၅)





XS
SM
MD
LG