သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးရဲတပ်ရင်းဌာနချုပ် AA တိုက်ခိုက်


ရခိုင်တပ်မတော် AA တည်ထောင်တဲ့(၁၀)နှစ်ပြည့်တဲ့ အထိမ်းအမှတ်ဖြစ်တဲ့ ဒီကနေ့မှာဘဲ ရခိုင်ပြည်နယ် မြောက်ဦးမြို့ အတွင်းက ရဲတပ်ရင်းနဲ့ မြန်မာစစ်တပ် လက်နက်ကြီးစခန်းတွေကို AA ဘက်က ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဖက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ AA နဲ့ တပ်မတော် နှစ်ဘက်စလုံးက ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတဲ့ ရွာအတွင်း က အမျိုးသမီးနဲ့ကလေးငယ်တွေ သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့က မြန်မာ့တပ်မတော်လက်နက်ကြီးစခန်းကို ရခိုင့်တပ်တော် AAဘက်က ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ AAပြန်ကြားရေး တာဝန်ခံခိုင်သုခ ကပြောပါတယ်။

“ဗမာစစ်တပ်ရဲ့ လက်နက်ကြီးစခန်းတွေပေါ့နော်။ အဓိက မြောက်ဦးတမြို့နယ်လုံးကို လှမ်းပြီးတော့ ပစ်နေတဲ့ အဲဒီဗမာ စစ်တပ်ရဲ့ အမြှောက်စခန်းကို ကျွန်တော်တို့ ရခိုင့်တပ်တော် ကနေပြီးတော့ ဝင်ရောက်ရှင်းလင်းနေတာရှိတယ်။ အဲဒီမှာတော့ ဗမာစစ်တပ်ဖက်က အကျဆုံးတွေလဲရှိတယ်။ လက်နက်တချို့ သိမ်းဆီးရမိတာလဲရှိတယ်။ စစ်သုံ့ပန်းတွေလဲ ဖမ်းဆီးရမိထားတဲ့ ဥစ္စာတွေလဲရှိတယ်။”

တိုက်ပွဲဖြစ်စဉ် အတွင်းထိခိုက်မှု နဲ့ စစ်သုံ့ပန်း ဖမ်းဆီးရရှိခဲ့မှုအခြေအနေ အသေးစိတ် ကိုတော့ ခိုင်သုခကနေ ပြောဆို ခြင်းမရှိခဲ့ပါဘူး။

အင်္ဂါနေ့ည(၁၀)နာရီကစပြီး ဒီမနက်အထိ မြောက်ဦးမြို့ ကိုးသောင်းဘုရားအနီးက ရဲတပ်ရင်းနဲ့ တပ်မတော်တပ်မ (၂၂) အခြေပြုစခန်းကို AA အဖွဲ့က တိုက်ခိုက်ခဲ့ပြီး အခုလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲလို့ မြောက်ဦးမြို့ခံ တဦးက ပြောပါတယ်။

“ကိုးသောင်း ဘုရားအနားမှာ ရဲတပ်ရင်းရှိတယ်။ ပြီးရင် အဲဒီရဲတပ်ရင်းမှာ တပ်မ(၂၂) ဆိုတာရှိတယ်။ စစ်သားပေါ့နော်။ တပ်မ (၂၂)ရယ် ရဲတပ်ရင်းရယ်က အတူတူနေကြတယ် အခုဟာက။ အဲဒီရဲတပ်ရင်းရဲ့ အပေါ်က တောင်ကုန်းပေါ်မှာ အမြှောက်ရှိတယ်။ အဲဒီ အမြှောက်က တလလောက်ကတည်းက တောက်လျှောက် တနေ့မှ မကျန်ဘူး ပစ်နေတာ ပေါ့ နော်။ ရဲတပ်ရင်းကို မနေ့ည(၁၀)နာရီလောက်မှာ ဝင်တိုက်တယ်ပုံစံမျိုး။ မနက်(၅)နာရီမှာ ကျတော့ ဂျက်လေယာဉ် တိုက်လေယာဉ်(၄)စီး ရောက်လာတယ်။ ရောက်လာတော့ AAက လူတွေပြန်ဆုတ် သွားတယ်ဆိုတဲ့ သဘောပေါ့။ အခုလောလောဆယ်ကတော့ မြောက်ဦးမြို့နယ် လက်ကာရွာမှာ အခုဖြစ်နေတယ်။ လက်ကာရွာအနားက တောင်ကုန်းမှာ။ ပြီးရင် လေညှင်းတောင်မှာလဲ လက်ရှိ ဖြစ်နေတယ်။ ပြီးရင်ဆင်အိုးနားမှာလဲဖြစ်နေတယ်။ လေယာဉ် သုံးစီးလေးစီးကတော့ မြို့ပေါ်ကိုတောက်လျှောက် ပျံနေကြတယ်ပေါ့ အပေါ်ကနေ။”

AA အဖွဲ့နဲ့ တပ်မတော်တို့ကြား မြောက်ဦးမြို့နယ်အနှံ့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပြီး နှစ်ဖက်ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် မြောက်ဦးမြို့နယ်က လက်ကာ နဲ့ဘူးရွက် မညှိုးရွာသူ အမျိုးသမီးနှစ်ဦး သေဆုံး သွားခဲ့တယ်လို့ သံရှင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်ဆန်းကပြောပါတယ်။

“လက်ကာမှာ အမျိုးသမီးတယောက်ဆုံးသွားတယ်။ သူက ဗုံးခိုတွင်းမှာနေတော့ နှလုံးရပ်ပြီးတော့ ကြောက်ပြီးတော့ အဲဒီလိုမျိုးသေသွားတယ်။ နောက်ပြီးတော့ ဘူးရွက် မညှိုးမှာလဲ အမျိုးသမီးတယောက် ဆုံးသွားတယ်။ လက်နက်ကြီး ထိမှန်တာဟုတ်တယ်။ ဘူးရွက် မညှိုးမှာ ကျတော့။”

အလားတူ မြောက်ဦးမြို့နယ်ချောင်းသစ်ကျေးရွာ မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု အတွင်း(၂)နှစ်သား အရွယ် ကလေး ငယ်တဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဦးမြို့ခံ ကိုထွန်းနီဝင်း ကပြောပါတယ်။

“အမေတဦး နဲ့ကလေးတဦးဆေးရုံ တင်ထားရတယ်လို့ ကြားတယ်။”

လက်ရှိမှာ မြောက်ဦးနဲ့ မင်းပြားမြို့နယ်အစပ် ပန်းမြောင်အထက်ပိုင်းဖက် မှာလဲ တပ်မတော်ကနေ လက်နက်ကြီးတွေ ပစ်ခတ်နေဆဲလို့လဲ ကိုထွန်းနီဝင်း ကပြောပါတယ်။

ဒီကနေ့ဟာ AA အဖွဲ့ တည်ထောင်တာ (၁၀)နှစ်မြောက်နေ့ဖြစ်သလို (၁၀)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မြို့အတွင်း အချက်ချာကျတဲ့ တပ်မတော်စခန်းတွေကို ပစ်မှတ်ထားတိုက်ပွဲ ပုံဖေါ်တာဖြစ်နိုင်တယ်လို့လဲ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မြောက်ဦးမြို့ အတွင်းတိုက်ပွဲဖြစ်ပွားမူနဲ့ပက်သက်လို့ တပ်မတော် သတင်းမှန်ထုတ်ပြန်ရေး အဖွဲ့ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျွန်တော်တို့မနေ့က ည(၁၀) နာရီလောက် ပေါ့လေ။ မြောက်ဦးမှာရှိတဲ့ ရဲစခန်း ဌာနချုပ်ကို အိမ်ထောင်သည် လိုင်း တွေကို (၃)နေရာခွဲပြီး လာပစ်တယ်။ ကျွန်တော်တို့ဖက်ကလည်း လုံခြုံရေးအဖွဲ့ စစ်ကြောင်းတွေဘာတွေလာပြီး တော့ ပစ်တယ်။ ပြန်ပစ်တဲ့အခါမှာ မနက် နှစ်နာရီကျော်ကျော် သုံးနာရီလောက်မှာ ထပ်ပြီး အင်အား အလုံးအရင်း အိမ်ထောင်သည် လိုင်း(၁၀)ခုကို ဝင်တိုက်တယ်ဗျ။ ကျွန်တော်တို့ဆီက စစ်ကူအဖွဲ့တွေ ကျန်တဲ့အဖွဲ့တွေ သွားရောက် ပူးပေါင်းပြီးတော့ ပြန်တိုက်တယ်။ (၅)နာရီခွဲလောက်မှာတော့သူတို့ဆုတ်သွားတယ်။ သူတို့ဖက်က အကျဆုံးတွေလည်း ရှိတယ်ဗျ။ ကျွန်တော်တို့ဆီကလည်း အကျဆုံး တချို့ ရှိပါတယ်။ တချို့ရဲမေတွေ အဖမ်းခံရတာတွေလဲ ရှိပါတယ်။ အဲတာ တော့ကျွန်တော်တို့ အတည် မပြုနိုင်သေးဘူး။ စိစစ်တုန်းဘဲ ရှိသေးတယ်။ ခုတော့လုံခြုံရေး ဆက်လက် ဆောင်ရွက် လျှက်ရှိတယ်။ ထူးခြားတာတော့ ဒီနေ့ နေ့လည်ပိုင်းတွေမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ လူတွေ အဲဒီလက်ကာဆိုတဲ့ ရွာနားလေးမှာတော့ အရပ်ဝတ် နဲ့(၁၉)ယောက်ဖမ်းမိတယ်။ သူတို့ဖွဲ့စည်းပုံစာရွက်တွေလဲပါတယ်။ ကျွန်တော်တို့ မကြာမီ သတင်းထုတ်ပြန် ပေးပါ့မယ်။”

ရခိုင်ပြည်နယ် အတွင်းမှာ မြန်မာ့တပ်မတော်နဲ့AA အဖွဲ့တို့အကြားတိုက်ပွဲတွေ ဆက်လက် ပြင်းထန်စွာ ဖြစ်ပွားနေ တာကြောင့် တိုက်ပွဲဖြစ်ပွားရာဒေသ အတွင်းက ရွာသား (၂၆၀၀၀)ကျော် စစ်ဘေးတိမ်းရှောင်နေရသလို အကူညီပေး ဆောင်ရေးမှာလဲ တားမြစ် ပိတ်ပင်မူတွေရှိနေခဲ့လို့ စားသောက်နေထိုင်ရေးမှာ အခက်ခဲတွေ နဲ့ရင်ဆိုင်နေကြရတယ်လို့ စစ်ရှောင် အကူညီပေးရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG